ထာဝရ ပန်းရဲ့လမ်း


နှလုံးသွေးနဲ့ ရေးခဲ့တဲ့
သာယာသံ မော်လီကျူးများ
နှလုံးသားနဲ့ ဟစ်သီဖွဲ့
သာယာသံ မော်လီကျူးတွေ
ရောင်စုံလူတွေကြား စီးသွင်း
တခါ ဟစ်တိုင်း
ပန်းတခင်း ပွင့်
နှလုံးသားတိုင် သင်းပျံ့ စီဝေ
ဒါ ပန်း ရဲ့ လမ်း လေ။

( ကိုရဲလွင် ၊ ကိုနေဝင်း
ကိုသားထွေး ၊ ကိုတိုးလွင်
ကိုစံလင်း နဲ့  ဂီတမိတ်ဆွများ)
ခင်းတဲ့ လမ်းတိုင်း ပန်းတွေ ပွင့်နေ
ပန်းတွေ ပွင့်တိုင်း သင်းရနံ့ ဝေ
ဘဝအမောတွေ ပြေစေလျော့စေမှန်ခဲ့
ဆက် ဖောက်ပါ ပန်းလမ်းများ။

သူတို့ ရဲ့တေးဟာ အားဆေး
သူတို့ ရဲ့ လက်သံဟာ အများသွေး
မျက်ရည်စက်တွေ သုတ်တယ်။


မနောမြေက ယမ်းနံ့ တွေကြား
ပန်းရနံ့ တွေ လွှမ်းစေခဲ့ အများ
လဲနေသူ ကူဖေး တတ်
လေးလွန်းရင် ဝိုင်း တွန်းတတ်သူတွေ
စစ်ကို အချစ်နဲ့ ခင်း မ တဲ့
စစ်မလို အချစ်ပိုတဲ့ နှလုံးသားပိုင်ရှင်တွေ
ရုပ်ကြွင်းတွေ ပျောက်စေဦး
ကမ္ဘာ့လွှာထဲ မပျောက်ပျက်ဘူး
မော်လီကျူးတွေ ဖြစ်တည်မယ် ယုံ။

တကယ်တော့
မခမ်းနားတဲ့ ခမ်းနားခြင်း
ရိုးသားတဲ့ ဆန်းပြားခြင်း
ဗြောင်ခင်း ပြောင်လင်းတဲ့
ဒီ အခင်းအကျင်းတွေမှာ
ဝီရနဲ့ ချီတက်
အသံပြာတွေဟာ အသံ ဖြာထွက်
မေတ္တာစက်ကြောင့်
မေတ္တာ သက်ခဲ့ပြီ။

( အရှုံးမပေးနဲ့  မိငယ်ရေ -
တစိတ်ထဲပဲထား -
ငြိမ်းချမ်းခြင်း စိမ်းလန်းခြင်း -
နေရောင် မ ခတဲ့ ရိုးမတောင်တွေ စိမ်းလန်းစေ - )
ဒါ ပန်းရဲ့လမ်းက ရနံ့ တွေပေါ့။

ဒီရနံ့  ဒီအသန့် တွေက
ရှယ်နယ်ထက် မွှေးပျံ့
စကော့ အိုင်ရေထက် သန့် စင်
တမူးရလဲ တပဲလှူ
ဒို့ ပန်းရဲ့လမ်း တုနိုင်ရိုးလား။ ။


( ပန်းရဲ့လမ်းကို ဂုဏ်ပြုလျှက်)

0 comments:

Post a Comment

 
ကြယ်ကြွေညတိုင်းဆုတောင်းမယ်။ © 2012 | Designed by Bubble Shooter, in collaboration with Reseller Hosting , Forum Jual Beli and Business Solutions